ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်

ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့၊ နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်၊ ရာပြည့်သဘင် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်ကြီးများ၏ နည်းစနစ်အတိုင်း စနစ်တကျ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး တစ်ချိန်က အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ်များတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။ အင်းလျားကန် နောက်ခံရှုခင်း၊ ဘွဲ့နှင်းသဘင် အဆောက်အအုံ၊ သစ်ပုပ်ပင်၊ အဓိပတိလမ်းနှင့် ကျယ်ဝန်းသော တက္ကသိုလ်နယ်မြေများကြောင့် အရှေ့တောင်အာရှတွင် အလှပဆုံးတက္ကသိုလ်တစ်ခု ဖြစ်ခဲ့ပါသည်။

မြန်မာနိုင်ငံတက္ကသိုလ်များ၏ မိခင်တက္ကသိုလ်ဖြစ်ပြီး သမိုင်းဝင်အထင်ကရ မှတ်တမ်းလည်းဖြစ်သလို တိုင်းပြည်ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ပြည်သူချစ်သော အနုပညာရှင်များနှင့် ပညာရေး၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍအသီးသီးတို့အတွက် ထူးချွန်ထက်မြက်သော ပညာရှင်များစွာတို့ကို မွေးထုတ်ပေးခဲ့သော ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့မှ စတင်ဖွင့်လှစ်လာခဲ့ရာ လာမည့် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် နှစ်(၁၀၀) ပြည့်မည် ဖြစ်ပါသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်၊ ရာပြည့်သဘင် ကျင်းပရေးကော်မတီက ဦးဆောင်ကျင်းပသော ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအထိ တစ်နှစ်တာပတ်လုံး စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးတို့ ဆောင်ရွက်ရန်အတွက် EXCELLENT FORTUNE FOUNDATION ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းနှင့် ဇနီးဒေါ်နန်းခင်မြင့်ရီ မိသားစုမှ ကျပ် ၁ဝဝ,ဝဝဝ,ဝဝဝိ/- (ကျပ်သိန်း တစ်ထောင်တိတိ)ကို လှူဒါန်းရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ် ဖွင့်လှစ်ခြင်းအခမ်းအနားကို ရန်ကုန်တက္ကသိုလ်ဝင်း အမရဆောင်ရှေ့ မြက်ခင်းပြင်၌ကျင်းပရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာအောင်သူနှင့် ဦးကျော်တင်တို့ တက်ရောက်ခဲ့ကြပါသည်။

ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ်ကို ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်း၊ အလှူရှင်များဖြစ်ကြသည့် EXCELLENT FORTUNE FOUNDATION ဥက္ကဋ္ဌ ဦးစိုင်းမျိုးဝင်းနှင့် ဒေါက်တာဇော်ဝင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ်အတွင်း လှည့်လည် ကြည့်ရှုခဲ့ကြပါသည်။

ကံ့ကော်တောနှင့် ကံ့ကော်ဥယျာဉ်ကို ၂၀၁၈ ခုနှစ်၊ မတ်လ (၂၄)ရက်နေ့တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ကံ့ကော်ပင်စုစုပေါင်း (၂၂၄)ပင်ကို စိုက်ပျိုးထားပြီး ဖြစ်ပါသည်။

သမိုင်းအစဥ်အလာ ကြီးမားလှသော ရန်ကုန်တက္ကသိုလ်ကြီး၏ နှစ်(၁၀၀)ပြည့်၊ ရာပြည့်သဘင်ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပရန်အတွက် EXCELLENT FORTUNE FOUNDATION မှ စိတ်အားထက်သန်စွာဖြင့် ယခုကဲ့သို့ မတည်လှူဒါန်းခွင့် ရရှိသည့်အတွက် အထူးပင် ဝမ်းမြောက် ဂုဏ်ယူမိပါသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု ရေရှည်တည်တံ့စေရန်အတွက် အဓိကလိုအပ်သော ပညာရေးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ပြီး ပညာတတ်လူဦးရေ ပိုမို များပြားလာပါစေကြောင်းနှင့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်၊ ရာပြည့်သဘင်ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။